ကယားပြည်နယ် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း၊ နှမ်းနှင့် ပဲအမျိုးမျိုးတို့ကို စိုက်ပျိုးကြပါသည်။ အဆိုပါလယ်ယာထွက်ကုန်သီးနှံဖြစ်သည့် နှမ်းများကို စီးပွားဖြစ် အဓိကစိုက်ပျိုးကြသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့အထိ နှမ်း (မိုး) စိုက်ဧကမှာ ၂၄,၇၃၂ ဧက၊ ရိတ်ဧကမှာ ၂၃,၃၂၉ ဧက၊ ၁ ဧကအထွက်နှုန်းမှာ ၁၀ တင်းခန့်နှင့် စုစုပေါင်းအထွက်မှာ ၂၄၃,၇၁၀ တင်းခန့်ထွက်ရှိပြီး နှမ်း (မိုး) ၁ ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များအနေဖြင့် ၇၂၄,၀၀၀ ကျပ်ခန့် ကုန်ကျလျက်ရှိပါကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော နှမ်း (မိုး) ဈေးနှုန်းမှာ နှမ်းနက် တစ်ပိဿာလျှင် ၁၄,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်ကြားခန့်၊ တစ်တင်းလျှင် ၁၇၅,၀၀၀ ကျပ်မှ ၁၈၇,၅၀၀ ကျပ်ကြား၊ စမုံနှမ်း တစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ်မှ ၁၆,၀၀၀ ကျပ်ကြားခန့်၊ တစ်တင်းလျှင် ၁၈၇,၅၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်ကြားဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းတည်ငြိမ်လျက် ရှိပါသည်။ ပြည်နယ်အတွင်းထွက်ရှိသည့် နှမ်းများကို တောင်ကြီးမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့များသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိပါကြောင်း နှမ်းကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
အဆိုပါထွက်ရှိသော နှမ်းများကိုဆီကြိတ်ခွဲထုတ်လုပ်မည်ဆိုပါကနှမ်းဆီ ၁,၄၆၂,၂၆၀ ပိဿာ၊ ၂,၃၈၇ တန်ခန့် ထွက်ရှိနိုင်ပါသည်။ နိုဝင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော နှမ်းဆီတစ်ပိဿာဈေးနှုန်းမှာ ၁၇,၀၀၀ ကျပ်ဖြစ်ပါသည်။ ယခုလက်ရှိဒေသပေါက်ဈေးနှုန်းများအရ နှမ်းဆီများကို ကြိတ်ခွဲထုတ်လုပ်ရောင်းချမည်ဆိုပါက ကျပ်သန်း ၂၄,၈၅၈.၄၂ ခန့်ရရှိနိုင်မည်ဖြစ်ပါသည်။ ကုန်ကြမ်းအဖြစ်ရောင်းချမည်ဆိုပါက ကျပ်သန်း ၄၂,၆၄၉.၂၅ မှ ကျပ်သန်း ၄၈,၇၄၂.၀၀ ကြား ရရှိနိုင်မည်ဖြစ်ပါသည်။
နှမ်းစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် နှမ်း ၁ ဧက စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် ၇၂၄,၀၀၀ ကျပ်ဖြစ်မည်ဆိုပါက လက်ရှိ ဒေသပေါက်ဈေးနှုန်းအရ နှမ်း ၁ ဧက စုစုပေါင်း ဝင်ငွေမှာ ၁,၇၅၀,၀၀၀ ကျပ်မှ ၂,၀၀၀,၀၀၀ ကျပ်ကြား ရရှိနိုင်မည်ဖြစ်ပါသည်။ နှမ်း ၁ ဧက အကျိုးအမြတ်အနေဖြင့် ၁,၀၂၆,၀၀၀ ကျပ်မှ ၁,၂၇၆,၀၀၀ ကျပ်ကြားခန့် ရရှိနိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm
နှမ်းစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်၊ ဈေးနှုန်းဈေးကွက်နှင့် ၁ ဧက အကျိုးအမြတ်
Category:
Local News